မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ထင်း၊ မီးသွေးအစားထိုး လောင်စာတောင့်ဈေးများ မြင့်တက်နေကြောင်း လောင်စာထုတ်လုပ်သူများဆီက သိရှိရပါသည်။ ယခုလို ဈေးမြင့်တက်ခြင်းသည် မိုးရာသီကာလတွင် ကုန်ထုတ်လုပ်မှု လျော့ကျမှုကြောင့်ဖြစ်ကြောင်း၊မကွေးတိုင်းဒေသကြီးက ထွက်ရှိသည့် ထင်း၊ မီးသွေးအစားထိုး လောင်စာတောင့်များကို ရန်ကုန်မြို့သို့ အဓိကတင်ပို့ကြပြီး ဒေသတွင်းအနေဖြင့် ရေနံချောင်း၊ ချောက်၊ ကျောက်ပန်းတောင်း၊ နတ်မောက် စသည့်မြို့များကိုလည်း တင်ပို့ကြကြောင်း သိရှိရပါသည်။
လောင်စာတောင့်စျေးကွက်များသည် လက်ရှိတွင် စျေးမြင့်တက်နေပြီး လာမည့် သြဂုတ်လနှင့်စက်တင်ဘာလများတွင် စျေးနှုန်းပိုတက်နိုင်သည်ဟု လောင်စာတောင့်ထုတ်လုပ်သူများထံမှ သိရှိရပါသည်။ ပွင်းလင်းရာသီတွင် နယ်ဝေးသို့ တင်ပို့သည့်ဈေးနှုန်းက လောင်စာတောင့်အခဲ (၄၀)ပါ တစ်အိတ်ကို ငွေကျပ် ၆၈၀၀ ရှိပြီး၊ မိုးရာသီဝင်စမှာ (၇၈၀၀) ဝန်းကျင်အထိ ရှိလာပါသည်။ မကွေးမြို့တွင်းမှာတော့ လောင်စာတောင့် တစ်အိတ်ကို ငွေကျပ် ၆၀၀၀ စျေးနှင့်ရောင်းချကြခြင်း ဖြစ်ပါသည်။
လောင်စာတောင့်တွေကို နေနှင့်အခြောက်ခံထုတ်လုပ်ရတာကြောင့် နွေရာသီနဲ့ ဆောင်းရာသီသာ လုပ်ကိုင်ရတာ အဆင်ပြေပြီး မိုးရာသီမှာတော့ အလုပ်ရပ်နားရသည့်အချိန်တွေ များသည်ဟု လုပ်ကိုင်သူများက ပြောပါသည်။ လောင်စာတောင့်ကို စွန့်ပစ်မီးသွေးအကြေ၊ လွှစာမှုန့်၊ ရွှံ့ရေတွေနှင့်ရောစပ်ကာ ထုတ်လုပ်ကြခြင်းဖြစ်ပြီး လောင်စာတောင့်တစ်ခဲရဲ့ မီးလောင်ကျွမ်းချိန်ဟာ တစ်နာရီခွဲခန့် ကြာမြင့်သည်ဟု သိရှိရပါသည်။
Source: https://onenewstvchannel.com